Loading...

ဝမ်းစာရေးနဲ့ ရခိုင်က စစ်ဘေးရှောင် အိမ်ရှင်မတွေရဲ့ ဖွင့်ဟ သံများ - BBC News မြန်မာ

ဝမ်းစာရေးနဲ့ ရခိုင်က စစ်ဘေးရှောင် အိမ်ရှင်မတွေရဲ့ ဖွင့်ဟ သံများ

ရခိုင်တိုင်းရင်းသားမျိုးနွယ်စုတွေဖြစ်တဲ့ မြိုနဲ့ ဒိုင်းနက်လူမျိုးတွေ စုပေါင်းနေထိုင်နေကြတဲ့ ပုဏ္ဏားကျွန်းမြို့နယ် အတွင်းက အထက်မြတ်လေး ဒုက္ခသည်စခန်းမှာ မကြာခင်ရက်ပိုင်းအတွင်း ရိက္ခာပြတ်တောက်တော့မှာ ဖြစ်တယ်လို့ အဲဒီ စခန်းက တာဝန်ရှိသူတွေက ပြောပါတယ်။

အဲ့ဒီစခန်းမှာ အိမ်ထောင်စုပေါင်း ၁၅၇ စု၊ လူဦးရေ ၇၅၀ ခန့်တို့နေထိုင်နေကြတာဖြစ်ပြီး စခန်းအတွက်ရိက္ခာကို စခန်းကော်မတီကနေ စီမံခန့်ခွဲနေတာဖြစ်ကြောင်းနဲ့ လက်ရှိမှာတော့ ကော်မတီမှာလည်း ရိက္ခာဆန်တွေမရှိသလောက် နည်းပါးနေပြီဖြစ်တဲ့အတွက် ရိက္ခာပေးဝေမှုကိုရပ်တန့်ထားရတယ်လို့ ကော်မတီ က ဘီဘီစီကို ပြောပါတယ်။

အရင်က မြတ်လေးဒုက္ခသည်စခန်းဟာ ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ အကူအညီရရှိခဲ့တာကြောင့် ရိက္ခာပုံမှန်ရရှိခဲ့သလို လူမှုအဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက လာရောက်ထောက်ပံ့ပေးတာတွေလည်းရှိနေတဲ့အတွက် အဆင်ပြေခဲ့ပေမယ့် ကော်မတီကိုလွှဲပြောင်းပေးခဲ့ပြီးတဲ့ နောက်ပိုင်းမှာ အခုလိုအခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေကြ ရတာဖြစ်ပါတယ်။

ဒုက္ခသည်တွေဆီမှာ ရရှိထားတဲ့ဆန်တွေကတော့ လာမယ့်သုံးလေးရက်ဆိုရင် ကုန်ကြတော့မှာဖြစ်ပြီး ကော်မတီကလည်း နောက်ထပ်ဆန်ထုတ်မပေးနိုင်တော့တဲ့အတွက် သူတို့ရဲ့စားရေးသောက်ရေးအတွက်ကို ကြံရာမဲ့တွေဖြစ်နေကြရတာ ဖြစ်ပါတယ်။

ဒါ့အပြင် သူတို့အခုနေထိုင်တဲ့နေရာဟာ သူတို့ရဲ့ဒေသ၊ သူတို့ရဲ့ရပ်ရွာတွေမဟုတ်တဲ့အတွက် စားဝတ်နေရေး အခက်အခဲ တွေကို လတ်တလောဖြေရှင်းဖို့ အပိုဝင်ငွေရရှိမယ့် အလုပ်အကိုင်တွေလည်း မရှိကြသလို တောတောင်တွေကိုလည်း မသွားရဲကြဘူးလို့ဆိုကြပါတယ်။

အထက်မြတ်လေးစခန်းမှာနေထိုင်သူတွေဟာ နေရပ်စွန့်ခွာထွက်ပြေးလာခဲ့ကြတာ ၁၀ လ ခန့်ရှိနေပြီဖြစ်ပါတယ်။

အဲ့ဒီစခန်းကို အစိုးရက ရိက္ခာထောက်ပံ့ပေးတာ သုံးကြိမ်လောက်သာရှိခဲ့ပြီးတော့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ INGO တွေကို အားကိုးနေကြရတာဖြစ်ပါတယ်။

အခုအခါမှာ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ အလှူငွေကောက်ခံမှုတွေကိုလည်း တားဆီးမှုတွေပြုလုပ်ထားတာကြောင့် သူတို့ရဲ့စားဝတ်နေရေးဟာ တစတစကျပ်တည်းမှုတွေနဲ့ ရင်ဆိုင်နေကြရတာ ပဲဖြစ်ပါတယ်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်စုဝင် မြိုနဲ့ ဒိုင်းနက်လူမျိုး စစ်ဘေးရှောင်တွေရဲ့ အသံတွေကို ရုပ်သံမှာ ကြည့်ရှု နားဆင်နိုင်ပါပြီ။

ရိုက်ကူး - မြင့်လွင်

#ဘီဘီစီမြန်မာပိုင်း #ရခိုင် #မြို #ဒိုင်းနက် #ပုဏ္ဏားကျွန်း #စစ်ပွဲ #စစ်ဘေးရှောင်

Loading...
Related Videos
Keyword most popular